Sunday, March 16, 2014

ရင်းနှီးမြှုပ်နှံသူလား၊ ဈေးကစားသူလား

ရင်းနှီးမြှုပ်နှံသူလား၊ ဈေးကစားသူလား


စတော့ဈေးကွက်တွင် ပါဝင်ရင်းနှီးမြှုပ်နှံသူများကို သရုပ်ခွဲရာ၌မကြာခဏရှုပ်ထွေးလေ့ရှိသောစကားလုံး နှစ်ခုရှိပါသည်။ ၎င်းတို့မှာရင်းနှီးမြှုပ်နှံသူနှင့် ဈေးကစားသူတို့ဖြစ်ပါသည်။ သင့်အနေနှင့် ဈေးကစားသူဟု ဆိုလိုက်သည်နှင့် တစ်စုံတစ်ဦးသည် ကြီးမားသော စွန့်စားမှုများပြုလုပ်ကာ အနာဂတ်တွင် ဖြစ်လာမည့် စတော့ ဈေးနှုန်းများကို ခန့်မှန်းကာ စွန့်စားမှုပြုလုပ်သူ၊ လောင်းကစားဆန်ဆန်ပြုမူသူဟု မျက်စိထဲမြင်မိပါလိမ့်မည်။ အပြန်အလှန်အား ဖြင့် ရင်းနှီးမြှုပ်နှံသူဟု ဆိုလိုက်သည်နှင့် တစ်စုံတစ်ဦးသည် စတော့ဈေးကွက်သို့ ညင်သာစွာနှင့် စဉ်းစားဆင်ခြင်မှု ပြည့်ဝစွာ ဝင်ရောက်လာသူဟုသင့်အနေနှင့် မြင်မိပါလိမ့်မည်။
သို့ရာတွင် စတော့ဈေးကွက်ခွဲခြမ်းစိတ်ဖြာလေ့လာသူ Baruch က ဈေးကစားသူဆိုသည့် စကားလုံးကို အဓိပ္ပာယ်ဖွင့်ဆိုခဲ့ရာတွင် ဈေးကစားသူ speculator သည် လက်တင်ဘာသာစကား speculari မှ ဆင်း သက်လာပြီး သူလျှိုလုပ်ခြင်းနှင့်စောင့်ကြည့်လေ့လာခြင်းဟု အဓိပ္ပာယ်ရပါသည်။ ထို့ကြောင့် ဈေးကစားသူဆို သည်မှာ စောင့်ကြည့်လေ့လာ ကာ အနာဂတ်အဖြစ်အပျက်တစ်ခုအတွက် လှုပ်ရှားဆောင်ရွက်သူဟု ဆိုနိုင် ပါသည်။ တိတိကျကျ ဆိုရပါလျှင် ဈေးကွက်တွင် ပါဝင်သူတစ်ယောက်၏ လုပ်သင့်လုပ်ထိုက်သည့် လုပ်ငန်း များဖြစ်သည့် ဈေးကွက်ကိုစောင့်ကြည့်ကာ စတော့ကုမ္ပဏီတစ်ခုချင်းစီ၏ လုပ်ရပ်များက မည်သည်ကို ဦးတည် နေသည်၊ မည်သို့ဆောင်ရွက်နေသည် အစရှိသည့်သတင်းအချက်အလက်များကိုစုဆောင်းခြင်း၊ ယင်းသို့ ရရှိလာသောသတင်းအချက်အလက်များအပေါ်မူတည်ကာလှုပ်ရှားဆောင်ရွက်ခြင်း မပြုလုပ်သူများဖြစ်ပါသည်။
နောက်ထပ် စတော့ဈေးကွက်၏အထင်ကရ ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် Jesse Livermore က ရင်းနှီးမြှုပ်နှံ သူဆိုသည်ကို ဤသို့ အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါသည်။ ရင်းနှီးမြှုပ်နှံသူဆိုသည်မှာ ကြီးမားသောလောင်းကစား သမားဖြစ်ပြီး ၎င်းတို့သည် အလောင်းအစားပြုလုပ်ကြပြီး တစ်စုံတစ်ခုမှားယွင်းသွားပါက အားလုံး ဆုံးရှုံးသွားကြ လေသည်ဟု ဆိုခဲ့ပါသည်။
သို့ဖြစ်ရာ ရင်းနှီးမြှုပ်နှံသူနှင့်ဈေးကစားသူ မည်သို့ ကွာခြားပါသနည်း။ ရင်းနှီးမြှုပ်နှံသူတစ်ဦးသည် ကုမ္ပဏီတစ်ခုအား ကျကျနနသုတေသနပြုလုပ်ကာ မည်သည့်ဈေးနှင့် ထိုက်တန်သည်ကို တွက်ချက်ကြ ပါသည်။ စတော့တစ်ခုကိုမိမိတို့ ထိုက်တန်သည်ဟု မယူဆမချင်း ဝယ်ယူလေ့မရှိကြပါ။ ဥပမာကုမ္ပဏီ A ၏ ရှယ်ယာဈေးနှုန်းမှာတစ်စုလျှင်  ၄၈ ဒေါ်လာဖြစ်နေပြီးတကယ့်တန်ဖိုးမှာ ၆၂ ဒေါ်လာဖြစ်နေသည့်တိုင် ရင်းနှီး မြှုပ်နှံသူတို့မှာစိတ်လောမကြီးဘဲ တွက်ချက်ထားသော ကိန်းဂဏန်းများအရ ခိုင်မာမှ ဝယ်ယူလေ့ရှိပါသည်။
ဈေးကစားသူများမှာတော့စတော့များကို အခြားသော ရည်ရွယ်ချက်များဖြင့် ဝယ်ယူလေ့ရှိပါသည်။` ၎င်းတို့သည် ကုမ္ပဏီတစ်ခု၏ စတော့များကို ဝယ်ယူရာတွင် စတော့တစ်ခုသည် မူရင်းရှိသင့်သည်ထက် ဈေး ကောင်းလာလျှင် အဖွဲ့အစည်းလိုက်ရင်းနှီးမြှုပ်နှံသူများမှအစုလိုက်အပြုံလိုက် ဝင်ရောက်လာမည်ကို မျှော်လင့် ကာ ကြိုတင်ဝယ်ယူထားကြခြင်းဖြစ်သည်။ ၎င်းတို့သည် စတော့များကို သေချာကျနစွာ သုတေသနပြုလုပ်လေ့ မရှိပါ။ သို့သော်လည်းစတော့ဈေးကွက်၏ ဓလေ့အရ စတော့ဈေးနှုန်းများမှာ တစ်ချိန်တွင်တက်လာနိုင်သည့် အခွင့်အလမ်းများ ရှိနေသည်ကို သိရှိသဘောပေါက်ထားသောကြောင့်ဖြစ်သည်။
ဤရင်းနှီးမြှုပ်နှံမှုပုံစံ နှစ်မျိုးကစတော့ဈေးနှုန်းကို မည်သို့ သက်ရောက်စေနိုင်သနည်း။ ဈေးကစားသူတို့ သည် စတော့ဈေးနှုန်းကို အဆုံးထိ မောင်းနှင်သွားမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူကမူ ဈေးကစားသူ ဝယ်ယူသည့် အချိန်တွင် သူက ရောင်း၍ဈေးကစားသူ ရောင်းသည့်အချိန်တွင် သူတို့က ဝယ်ယူလေ့ရှိပါသည်။ မည်သို့ ပင်ဖြစ်စေ ရေရှည်တွင် စတော့ဈေးနှုန်းများမှာ ကုမ္ပဏီ၏ အမှန်တည်ရှိနေသောတန်ဖိုးများအပေါ်သာတည်မှီနေ မည်ဖြစ်ပါသည်။
သင့်တို့အနေနှင့် ရင်းနှီးမြှုပ်နှံသူဖြစ်စေ၊ ဈေးကစားသူဖြစ်စေ အရေးကြီးသည့်အချက်မှာ ယခင်အတိတ် က မှားယွင်းခဲ့သည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အယူအဆများ၊ ယုံကြည်ချက်များနှင့် နည်းလမ်းများကို သင့်ကိုယ် သင် ပြန်၍ မေးခွန်းထုတ်ရန်ဖြစ်သည်။ စတော့ဈေးကွက်အကြောင်း သတင်းအမှားများ မည်မျှရရှိခဲ့၍ မည်သို့ ဆုံးရှုံးခဲ့သည်၊ မည်သို့ ကျော်လွှားခဲ့သည်ဆိုသည်များကို ပြန်လည်သုံးသပ်ရမည်ဖြစ်သည်။ စတော့ဈေးကွက်နှင့် ဆက်စပ်နေသောအရာအားလုံးကို အပြုသဘောဖြင့် သုတေသနများပြုလုပ်ကာ ဈေးကွက်က မည်သို့ ပြုမူ ဆောင်ရွက်သည်ဆိုသည်ကို လေ့လာရန် လိုအပ်ပါသည်။ သူငယ်ချင်း မိတ်ဆွေများနှင့်နှီးနွှယ်နေသူများ၏ သြဇာလွှမ်းမိုးမှုနှင့် ရုပ်သံများမှ စဉ်ဆက်မပြတ်ထုတ်ပြန်နေသည့် အချက်အလက်များ၊ ကျွမ်းကျင်သူများ၏ ကိုယ်ပိုင်ထင်မြင်ယူဆချက်များကို အပြည့်အဝ နားယောင်ခြင်းမပြုရန်လည်း အရေးကြီးပါသည်။
မိမိတို့အနေနှင့် ဈေးကွက်ကျွမ်းကျင်မှုနည်းပါးပါက အကောင်းဆုံးနည်းလမ်းမှာ ကျယ်ကျယ်ပြန့်ပြန့် ခွဲခြား ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်ပါသည်။ ဤသည်မှာ အကောင်းဆုံးနှင့် လူအများ ကျင့်သုံးသည့်နည်းစနစ်တစ်ခု ဖြစ်ပါသည်။ သို့သော်လည်း Bear Market ဟု ခေါ်သည့်ဆက်တိုက်အကျဘက်သို့ ဦးတည်နေသည့် ဈေးကွက်ဖြစ်ပေါ်နေပါကသင်၏ စတော့အားလုံးသည် ကျဆင်းသွားနိုင်ကာ သင်၏ ရင်းနှီးငွေအနည်းဆုံး ၅ဝ% မှာ ဆုံးရှုံးသွားနိုင်ပြီးမည်သို့မျှ ပြန်လည်ရရှိတော့မည်မဟုတ်ပါ။  သို့အတွက် ခွဲခြမ်းစိတ်ဖြာရင်းနှီးမြှုပ်နှံခြင်း (diversification) စနစ်သည်  ခိုင်မာသော ကာကွယ်ရေးစီမံချက် (sound defensive plan) ၏အညံ့ဆုံး အစားထိုးမှုတစ်ခုသာဖြစ်သည်ဟုပညာရှင်များကဆိုခဲ့သည်။
အန္တရာယ်များသော အယူအဆတစ်ခုမှာ မိမိကိုင်ဆောင်ထားသည့်စတော့များအတွက် စိတ်မပူပါ။ အဘယ့်ကြောင့်ဆိုသော် ယင်းတို့မှာ ကောင်းမွန်သည့် စတော့များဖြစ်သည့်အပြင် အမြတ်ဝေစုလည်းပုံမှန်ရ နေသည်ဟူသည့် အယူအဆပင်ဖြစ်သည်။ ကောင်းမွန်သောစတော့များကို အချိန် မှားယွင်းစွာဝယ်ယူထား ပါက ယင်းတို့မှာ အညံ့စားစတော့များနှင့် အတူတူဖြစ်ပါသည်။ မည်သို့မျှ အကောင်းစားစတော့တစ်ခု ဖြစ်မလာနိုင်ပါ။
အောင်မြင်သည့် ရင်းနှီးမြှုပ်နှံသူတစ်ဦးဖြစ်ရန်မှာ သင့်အနေနှင့်ကိန်းဂဏန်း အချက်အလက်များနှင့် ရင်ဆိုင်ရန်ဖြစ်ပြီး သင်မလုပ်လိုသောအလုပ်များစွာကို သင်ကိုယ်တိုင်လုပ်ရမည်ဖြစ်သည်။ တိကျသော စည်းမျဉ်းများ တည်ဆောက်ခြင်း၊ ခိုင်မာပြတ်သားသောရောင်းချသည့် စည်းမျဉ်းများ ထားရှိခြင်းတို့ဆောင်ရွက် ရန် လိုအပ်ပါသည်။ သို့မှသာ သင့်အနေဖြင့် ကောင်းကျိုးများ ခံစားရမည်ဖြစ်ပါသည်။
နောက်ဆုံးနှင့် အလွန်အရေးပါသော အချက်တစ်ခုမှာ သင့်အနေနှင့် အဆုံးစွန်သော ဆုံးရှုံးမှုသို့ မရောက်ခင် အဆုံးရှုံးခံနိုင်ရဲသည့်သတ္တိမွေးရန်ဖြစ်သည်။ အနာဂတ်တွင် ဆုံးဖြတ်ချက်ချရန်အတွက်သတ္တိလုံးဝ မကြောင်ရန် အရေးကြီးပါသည်။ အကယ်၍ အရှုံးမခံနိုင်ပါလျှင် သင့်အနေနှင့် ကြီးမားသည့် ဒုက္ခများနှင့် ရင်ဆိုင်ရတော့မည်ဖြစ်ပါသည်။ အနာဂတ်တွင် ဝယ်ခြင်း၊ ရောင်းခြင်းများကို ဆုံးဖြတ်ရန် သတ္တိများ လျော့ပါး သွားနိုင်ပါသည်။ ပို၍ဆိုးသည်မှာ သင်၏ မှားယွင်းခဲ့မှုကိုပြန်လည်မသုံးသပ်ခဲ့လျှင်၊ မှားယွင်းခဲ့သော နည်းစနစ် များကို ပြန်မပြင်ဆင်လျှင် သင်၏ ယုံကြည်မှုများ ဆုံးရှုံးသွားနိုင်ပြီး ဈေးကွက်အတွင်းမှ လုံးဝထွက်ခွာ သွားနိုင်ခြင်းပင် ဖြစ်သည်။
စတော့အိတ်ချိန်းဆိုသည်မှာလူတို့၏ သဘောသဘာဝကို ဖော်ပြနေသောနေရာဖြစ်ပါသည်။ စတော့ များကို ဝယ်ခြင်း၊ ရောင်းခြင်းနှင့်အသားတင်အမြတ်ငွေများရရှိခြင်းဆိုသည်မှာ လွန်စွာ ရှုပ်ထွေးသောကိစ္စရပ် ဖြစ်ပါသည်။ စတော့ဈေးကွက်အတွင်းရှိ ကျွမ်းကျင်ပညာရှင်များ၊ အပျော်တမ်းပါဝင်သူများ၏  ၉ဝ ရာခိုင်နှုန်း သော သူများမှာ မိမိတို့လုပ်ဆောင်ခဲ့သည့်ကိစ္စရပ်များ အားလုံးကို မည်သည့်အခါမျှ မှားသည်၊ မှန်သည် ပြန်လည် မသုံးသပ်ခြင်းပင်။ ၎င်းတို့သည် မည်သို့သော အကြောင်းများကြောင့် အောင်မြင်သော စတော့ တစ်ခုဖြစ်လာရသည်ကိုလည်းပြည့်စုံ စွာ မလေ့လာခဲ့ကြပါ။
အရေးကြီးသည့် အချက်မှာကောင်းမွန်သော စတော့များကို ရွေးချယ်ရန်အတွက် အာရုံစိုက်အလုပ် လုပ်ရန်ဖြစ်ပြီး မည်သည့်အချိန်တွင်ဝယ်ယူမည်၊ မည်သည့်အချိန်တွင်ရောင်းရမည်ဟူသည့် ပညာကို လေ့လာ သိရှိရန် လိုအပ်ပါသည်။ စတော့များကို မှန်ကန်စွာရောင်းချရေး ဆိုသည်မှာ ခက်ခဲသော အလုပ်များဖြစ်ပြီး မှန်ကန်သော သတင်းအချက်အလက်များကို သိရှိရန် လွန်စွာအရေးကြီးပါသည်။ မှန်ကန်စွာ ဆုံးဖြတ်နိုင်ရေးနှင့် တွေဝေမှုမရှိရေးအတွက်စည်းမျဉ်းများ၊ နည်းစနစ်များကို ချမှတ်ထားရမည်ဖြစ်ပါသည်။
ကောင်းမွန်သော ရင်းနှီးမြှုပ်နှံသူတစ်ဦး ဆောင်ရန် အချက်များမှာ သင်၏ အတ္တများကို မေ့ထားရမည်။ သင်၏မာနများကို မျိုသိပ်ရမည်။ဈေးကွက်နှင့် အငြင်းပွားမှု ရှောင်ရှားရမည်။ သင်၏ငွေကြေးကို ဆုံးရှုံးစေ ခဲ့သည့် စတော့တစ်ခုအတွက်  ကြီးစွာသော စိတ်ခံစားမှု မထားပါနှင့်။ မှတ်သားသင့်သည့်အချက် တစ်ခုမှာ စတော့များအားလုံးသည် ဈေးမတက်သ၍ အကောင်းစား စတော့များဟု မသတ်မှတ်ရ။  ယင်းတို့မှာ အညံ့စား စတော့များသာ ဖြစ်သည်။ ယခင်ကာလများက စတော့များကို ဆုံးရှုံးမှုမှ ကာကွယ်ခဲ့သော နည်းလမ်းများနှင့် ရောင်းချရေး စည်းမျဉ်းများကိုပြန်လည်လေ့လာပါ။ အကယ်၍ ယင်းနည်းနာများကို လိုက်နာရန်ပျက်ကွက်သူ များသည် ဆုံးရှုံးမှုလမ်းကြောင်းသို့ ဦးတည်နေသည်ကို မမေ့ပါနှင့်။
ထွန်းသက်ထွန်းဆီမှကူးယူဖော်ပြသည်။

No comments:

Post a Comment

ဝင်ရောက်ဆွေးနွေးနိုင်ကြပါတယ်