Sunday, March 16, 2014

စတော့အိတ်ချိန်းသည် ချမ်းသာစေသော နည်းလမ်းတစ်ခုဖြစ်

 ၂၀၁၅ ခုနှစ်တွင် ထူထောင်မည့် စတော့အိတ်ချိန်းနှင့် သက်ဆိုင်သောကိစ္စရပ်များနှင့်ပတ်သက်၍ The Trade Times ဂျာနယ်မှ ချမ်းမြထွေးက ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းနှင့် သီးသန့်တွေ့ဆုံမေးမြန်းခဲ့မှုများကို ရေးသားဖော်ပြလိုက်ပါသည်။
စတော့အိတ်ချိန်းကို ၂၀၁၅ ခုနှစ်မှာ တည်ထောင်မယ်လို့သိရပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ဘယ်လိုကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ်ထားပြီးပြီလည်းဆိုတာ သိပါရစေ။
တခြားနိုင်ငံတွေမှာတော့ လုပ်ငန်းအရင်စပြီးမှ ဥပဒေက နောက်ကလိုက်တယ်။ ဒို့နိုင်ငံမှာတော့ ဥပဒေထွက်ပြီးပြီ။ အခုမှ စတာဖြစ်တဲ့အတွက် တခြားနိုင်ငံတွေရဲ့ အတွေ့အကြုံပေါ်အခြေခံပြီးဥပဒေကို အရင် ထုတ်ထားတာ။ ဥပဒေထုတ်ပြီးတော့မှ လုပ်ငန်းစတာပေါ့။ စနစ်တကျစတယ်လို့ ပြောလို့ရတယ်။ ဥပဒေ ထုတ်ထားပြီးပြီ။ ဂျပန်နဲ့ Joint Venture နဲ့ စဖို့ လုပ်နေတယ်။
ငွေချေးသက်သေခံလက်မှတ် လဲလှယ်ရောင်းဝယ်ရေး ဥပဒေကို ၂၀၁၃ ခုနှစ်၊ ဇူလိုင်လမှာ ပြဋ္ဌာန်းနိုင်ခဲ့ပြီး Rules and Regulations ကို  အခုထိ မပြဋ္ဌာန်းနိုင်သေးတာ တွေ့ရပါတယ်။ ဘယ်လိုအကြောင်းကြောင်းတွေကြောင့် ကြန့်ကြာနေတယ်ဆိုတာသိပါရစေ။
Rules and Regulations က ဆွဲနေတယ်။ ဥပဒေထက်ကို Rule and Regulations ပိုပြီး အသေးစိတ်တယ်။ အဲဒီတော့ ပိုကြာတယ်။ မကြာခင် ပြီးတော့မှာပါ။ ဆွဲရာမှာလည်းပဲ ဂျပန်နိုင်ငံရဲ့ ဘဏ္ဍာရေး ၀န်ကြီးဌာန အကူအညီနဲ့ ဆွဲနေတာ။ အဲဒါပြီးရင် Direction ဆိုပြီးညွှန်ကြားချက်တွေ လုပ်ရဦးမယ်။ ဒါကတော့ တတိယအဆင့်ပေါ့။ ဒုတိယအဆင့် Rules and Regulations ကတော့မကြာခင် ပြီးတော့မယ်။ ဆရာမှန်းတာ ကတော့ နောက်လထဲလောက်မှာ ထွက်နိုင်တယ်။
SEC နဲ့ Stock Exchange ရုံးအဖွဲ့တွေအတွက် ကျွမ်းကျင်ဝန်ထမ်းတွေကို ဘယ်လိုစုဆောင်းလေ့ကျင့်သွားမလဲ ဆိုတာသိပါရစေ။ အခုလက်ရှိမှာ ကျွမ်းကျင်ဝန်ထမ်းတွေ ရရှိနေပါပြီလား။
Stock Exchange အတွက် နိုင်ငံခြားကို ကြိုလွှတ်ထားတဲ့ ၀န်ထမ်းတွေရှိတယ်။ အစိုးရပိုင်းက နိုင်ငံခြားမှာ Seminar တွေတက်၊ သင်တန်းတွေတက်ဖို့ လွှတ်ထားတဲ့ ၀န်ထမ်းတွေလည်းရှိတယ်။ ပြင်ပမှာ လည်းနိုင်ငံခြားမှာ လုပ်ခဲ့ဖူးတဲ့ ကလေးတွေလည်းရှိမယ်လေ။ အဲဒါတွေနဲ့လုပ်မယ်။
စတော့ဈေးကွက်မှာ အဓိက ပါဝင်လှုပ်ရှားမယ့် Broker, Dealer တွေအတွက် လိုင်စင်ကိုရော ဘယ်အချိန်မှာ စတင်လျှောက်ထားနိုင်မှာပါလဲ။
အဲဒါကတော့ အချိန်အတိအကျပြောဖို့ခက်တယ်။ SEC လို့ခေါ်တဲ့ ကြီးကြပ်မှုကော်မတီတောင် မဖွဲ့ရ သေးဘူး။ အဲဒါတွေပြီးမှာပဲ ဖြစ်မှာပေါ့။
ပညာရှင်အချို့က စတော့ဈေးကွက်ကို စနစ်တကျ ကျွမ်းကျင်စွာမထိန်းကျောင်းနိုင်ရင် အဲဒီစတော့အိတ်ချိန်းဟာ Cowboy Stock Exchange ဖြစ်သွားနိုင်တယ်လို့ပြောပါတယ်။ ဒီအခြေအနေမျိုး မဖြစ်အောင်ဆရာတို့အနေနဲ့ ဘယ်လိုဆောင်ရွက်သွားမယ်ဆိုတာ သိပါရစေ။
Cowboy Stock Exchange ဆိုတာက ဖြစ်သွားနိုင်တယ်။ ဒါပေမယ့် ရည်ရွယ်တာကတော့ အစမှာ စနစ်တကျ လုပ်ဖို့ပေါ့။ တအားကြီးဖြစ်မြောက်တဲ့ဟာမျိုးကတော့ မဖြစ်နိုင်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ တခြား နိုင်ငံမှာ နှစ်ပေါင်းများစွာလုပ်ခဲ့ရတာလေ။ ဒို့ကတော့စပေးဖို့ပဲ။ စတဲ့အခါမှာလည်း စနစ်တကျနဲ့စဖို့ပဲရည်ရွယ် တာပဲ။ စနစ်တကျနဲ့ စဖို့ပဲအရေးကြီးတယ်။ ဥပမာ လာအိုဆိုရင်ကုမ္ပဏီတစ်ခုတည်းနဲ့ စတာပေါ့။ ဗီယက်နမ်ဆို ရင်ကုမ္ပဏီငါးခုနဲ့စတာ။ အဲဒီလိုပေါ့။ ဒို့ကလည်း အရေအတွက်ထက် အရည်အချင်းက အရေးကြီးတယ်။ ဒါပေမယ့်လည်း သိပ်ပြီးကြောက်နေလို့ မရဘူး။ လုပ်တော့လုပ်ရမှာပဲ။ စထောင်တဲ့ နေရာမှာ ဟိုကိစ္စ၊ ဒီကိစ္စ တွေ စဉ်းစားပြီးတော့ ကြောက်နေလို့တော့ မရဘူး။ သို့သော်လည်း calculated risk တွက်ချက်ပြီးတော့ risk ကတော့ယူရတာပေါ့။ စိစိစစ်စစ် လုပ်သွားမှာပေါ့။
စတော့အိတ်ချိန်းမှာ ပါဝင်မယ့် Listed Public Company နဲ့ စတော့အိတ်ချိန်းမှာမပါတဲ့ Unlisted Public Company တို့ ကွဲပြားသွားအောင် နိုင်ငံတော်အနေနဲ့ Listed ကုမ္ပဏီတွေကို ဘယ်လိုထူးခြားတဲ့အခွင့်အရေးတွေ ပေးနိုင်ပါမလဲ။
အခွင့်အရေးပေးတာ ဘယ်နိုင်ငံမှမရှိဘူးလေ။ ကွာတာက Listed ကုမ္ပဏီတွေက စတော့အိတ်ချိန်းမှာ သူ့စတော့တွေ ရောင်းခွင့်ရှိတယ်။ Unlisted တွေက ရောင်းခွင့်မရှိဘူး။ အဲဒါ ကွာသွားတာပေါ့။ Listed ကုမ္ပဏီ တွေက စတော့အိတ်ချိန်းမှာ ရောင်းခွင့်ရှိတဲ့အတွက် ၀ယ်သူအနေနဲ့လည်း ၀ယ်ရတာအဆင်ပြေတယ်။ Unlisted ကျတော့ ရောင်းဖို့ခက်တာပေါ့။ ဒို့ဆီမှာတော့ ဘယ်သူမှ Listed ကုမ္ပဏီမရှိသေးတော့ ဒီအတိုင်းပဲ ရောင်းဝယ်နေကြတယ်။ ဒါပေမယ့် နောက်ပိုင်း ဆရာထင်တာက ဒီစတော့အိတ်ချိန်း ပေါ်လာရင်ဒီကုမ္ပဏီတွေ အားလုံးက Listed ကုမ္ပဏီတွေ ဖြစ်အောင် သူတို့ကြိုးစားမှာပဲ။ သတ်မှတ်ထားတဲ့ သတ်မှတ်ချက်တွေနဲ့ညီ အောင် ကြိုးစားမှာပဲ။ ကြိုးစားလို့ Listed ကုမ္ပဏီဖြစ်သွားရင် ဒီမှာပဲ ရောင်းဝယ်ကြမယ်လို့ ထင်တယ်။ စတော့ အိတ်ချိန်းပေါ်လာရင် အားလုံးက Listed ဖြစ်အောင်လုပ်ကြမှာပဲ။ အခုဟာက မရှိသေးလို့မလုပ်ကြတာ။
စတော့အိတ်ချိန်း ပေါ်ပေါက်လာရင်ဘယ်ကဏ္ဍတွေကို အကျိုးပြုမလဲ။
စတော့အိတ်ချိန်းက အာဆီယံနိုင်ငံတွေထဲမှာဆို ဒို့နိုင်ငံမှာပဲမရှိတာ။ နောက်တစ်ခုကလည်း ဈေးကွက် စီးပွားရေးစနစ်ရဲ့ အင်္ဂါရပ်တစ်ခုပဲဖြစ်တယ်။ စီးပွားရေးတိုးတက်ဖို့အတွက်အရေးကြီးတဲ့ အခြေခံတစ်ခုပဲ။ ကုမ္ပဏီတွေ ကြီးပွားဖို့ဆိုတာကလည်း စတော့အိတ်ချိန်းက အရေးကြီးတယ်။ ဘာကြောင့်လည်းဆိုတော့ စတော့အိတ်ချိန်းရှိမှ ကုမ္ပဏီတွေ အဲဒီမှာ သူတို့ရဲ့စတော့တွေအရောင်းအ၀ယ် လုပ်လို့ရတယ်လေ။ အဲဒီမှာ ငွေပင်ငွေရင်းတွေ ၀င်လာမယ်။ ထို့အတူပဲ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူတွေကလည်း ဒီဟာကရင်းနှီးမြှုပ်နှံဖို့ အတွက် အဲဒီကနေ တစ်ဆင့်ရင်းနှီးမြှုပ်နှံလို့ ရတယ်။
ဂျပန်ဘက်က တာဝန်ရှိသူတစ်ဦးပြောသွားတာက နိုင်ငံတစ်နိုင်ငံမှာ စတော့အိတ်ချိန်းရှိရင် ချမ်းသာတယ်လို့ပြော ပါတယ်။ အဲဒီအပေါ် ၀န်ကြီးရဲ့အမြင်ကို သိပါရစေ။
စတော့အိတ်ချိန်းကြောင့် ချမ်းသာတာတော့ မဟုတ်ဘူး။ ဒါပေမယ့်စတော့အိတ်ချိန်းက ချမ်းသာအောင် လုပ်နိုင်တဲ့ ကိရိယာတွေထဲမှာ တစ်ခုအပါဝင်ပေါ့။ ချမ်းသာအောင်လုပ်နိုင်တဲ့ အခွင့်အရေးတစ်ခုက စတော့ အိတ်ချိန်းမှာရှိတယ်။ စတော့အိတ်ချိန်းလုပ်တိုင်းလည်း မချမ်းသာဘူး။ ချမ်းသာတာက ကံအပေါ်လည်း မူတည် တယ်။ သို့သော်လည်းစတော့အိတ်ချိန်းရှိတာဟာ ချမ်းသာဖို့အတွက် အလားအလာကောင်းတစ်ခုဖြစ်တယ်။ ပြည်သူတွေအတွက်လည်း ကောင်းတယ်။ ကုမ္ပဏီတွေအတွက်လည်း အလားအလာရှိတယ်။ ကုမ္ပဏီနဲ့ ရင်းနှီး မြှုပ်နှံသူတွေအလားအလာ ရှိတဲ့အတွက်ကြောင့် စီးပွားရေးအဆောက်အဦကြီး တစ်ခုလုံးအတွက်လည်း ကောင်းတယ်။
စတော့အိတ်ချိန်း ပေါ်ပေါက်လာရေးနဲ့ပတ်သက်ပြီး ၀န်ကြီးအနေနဲ့ဘာများ ဖြည့်စွက်ပြောချင်ပါသလဲ။
ဒါကမရှိမဖြစ်တဲ့ အင်္ဂါရပ်တစ်ခုပဲ။ မရှိရှိအောင်တော့ လုပ်ရမှာပေါ့။ လုပ်တဲ့အခါမှာ အခက်အခဲတွေက တော့အများကြီးရှိမယ်။ ဒါပေမယ့် အခက်အခဲတွေကြောက်လို့ မလုပ်လို့တော့မရဘူး။ လုပ်ရမှာပဲ။ လွယ်တဲ့ ကိစ္စကြီးတော့ မဟုတ်ဘူး။ မလွယ်ဘူး။ ခက်ခဲတယ်ဆိုပြီး မလုပ်ဘဲနေလို့လည်းမရဘူး။ လုပ်တဲ့နေရာမှာတော့ အမှားအယွင်းနည်းအောင်အတတ်နိုင်ဆုံး တတ်ကျွမ်းတဲ့ပုဂ္ဂိုလ်တွေနဲ့ တိုင်ပင်ပြီးလုပ်ရမှာပေါ့။ နိုင်ငံခြားက တတ်ကျွမ်းတဲ့ ပုဂ္ဂိုလ်တွေ၊ သူတို့ဆီက အကြံဉာဏ်ယူပြီး အမှားအယွင်းနည်းအောင် လုပ်ရမှာပေါ့။ လွယ်တဲ့ ကိစ္စကြီးတော့မဟုတ်ဘူး။
သူငယ်ချင်းတစ်ယောက်ဆီမှ ကူးယူဖော်ပြပေးပါသည်။ ဗဟုသုတတိုးပွားစေရန်အတွက်ရည်ရွယ်ခြင်းကြောင့်

No comments:

Post a Comment

ဝင်ရောက်ဆွေးနွေးနိုင်ကြပါတယ်