Sunday, March 16, 2014

စတော့ဈေးကွက်အတွက် စွမ်းရည်မြှင့်တင်ရန် လိုအပ်


မြန်မာနိုင်ငံတွင် မကြာမီအချိန်အတွင်း စတော့ရှယ်ယာ ဈေးကွက်တစ်ခုတည်ထောင်ရန် ကြိုးပမ်းလျက် ရှိရာတွင် ဈေးကွက်အတွင်း ပါဝင်ကြမည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအားလုံးအတွက် စွမ်းရည်မြှင့်တင် ရေးဆိုင်ရာ အစီအစဉ် (capacity building)များ အဆောတလျင်ဆောင်ရွက်ရန် လိုအပ်ပါသည်။ စတော့ ရှယ်ယာ ဈေးကွက်အတွင်းပါဝင်မည့်သူများဖြစ်သည့် ရင်းနှီးမြှုပ်နှံသူများ၊ ရှယ်ယာထုတ်ဝေရောင်းချမည့်အဖွဲ့ အစည်းများ၊ ဘဏ္ဍာရေးကြားခံအဖွဲ့အစည်းများ၊ ဈေးကွက်ကိုထိန်းကျောင်းမည့် အဖွဲ့အစည်းများအတွင်းပါဝင် ကြမည့်သူများအနေနှင့် စတော့ဈေးကွက်ဆိုင်ရာ အတတ်ပညာများ၊ ဗဟုသုတများ မရှိပါဘဲဈေးကွက်ထဲတွင် ပါဝင်ဆောင်ရွက်နိုင်ရန်မှာ မဖြစ်နိုင်ပါ။ အဘယ့်ကြောင့် ဆိုသော် စတော့ဈေးကွက်ဆိုင်ရာပညာရပ်များသည် များစွာ နက်နဲကျယ်ပြန့်သောကြောင့် သိရှိနားလည်ရန် အချိန်များစွာယူရပြီး အထူးပြုဘာသာရပ်များစွာကို လေ့လာရန်လိုအပ်ခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် စတော့ဈေးကွက် ပညာပေးရေးလုပ်ငန်းများကို နိုင်ငံ တကာတွင်စတော့ဈေးကွက် ပညာပေးရေးကော် မတီများ ဖွဲ့စည်းကာ ဆောင်ရွက်လျက်ရှိပါသည်။
ပညာပေးရေး လုပ်ငန်းများကိုနိုင်ငံတော်အဆင့်တွင်သာမကဒေသဆိုင်ရာအလိုက် ပညာပေးရေးအစီ အစဉ်များ ဆောင်ရွက်ခြင်း၊ လူမှုရေး-ပညာရေးအဖွဲ့အစည်းများ အတွင်း ချင်းနင်းဝင်ရောက်ကာ  ဈေးကွက် ဆိုင်ရာ ဗဟုသုတများ ပေးဝေခြင်း စသည်တို့ကို ဆောင်ရွက်ကြရမည်ဖြစ်သလို စတော့ဈေးကွက်ဖြင့် အသက် မွေးဝမ်းကျောင်းမည့်သူများ အတွက် သီးသန့်ပညာပေးအစီအစဉ်များ၊ ရင်းနှီးမြှုပ်နှံသူများအတွက် သီးသန့် ပညာပေးအစီအစဉ်များကိုဆောင်ရွက်သွားရန် လိုအပ်ပါသည်။
စတော့ဈေးကွက် တည်ရှိပြီးသော နိုင်ငံအသီးသီးတွင် ပြည်သူပြည်သားများ ဈေးကွက်ဆိုင်ရာ ဗဟု သုတများပြည့်ဝရေး၊ ရောင်းမှား-ဝယ်မှားမဖြစ်စေရေး၊ မူဝါဒ ချမှတ်သူများနှင့် စည်းမျဉ်းထိန်းကျောင်းသူများတွင် အခြေခံ ဗဟုသုတများ ပြည့်ဝနေစေရေးအတွက် လေ့ကျင့်ပညာပေးရေးလုပ်ငန်းများကို နည်းလမ်းမျိုးစုံနှင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။ ဥပမာအားဖြင့် စာသင်ကျောင်းများတွင် သင်ခန်းစာများ ထည့်သွင်းခြင်း၊ စီးပွား ရေးဆိုင်ရာ သင်တန်းကျောင်း များတွင် ထည့်သွင်းပို့ချခြင်း၊ ရုပ်သံများတွင် ပညာပေးအစီအစဉ်များလွှင့်ထုတ် ခြင်း၊ မီဒီယာများတွင် ပညာပေးဆောင်းပါးများရေးသားခြင်း၊ စတော့ဈေးကွက် အသွင်တူစနစ် (simulation) များ တီထွင်ကာ ဝင်ရောက် လေ့လာစေခြင်းနှင့်စတော့ဈေးကွက် ဂိမ်းများ သုံးစွဲခြင်းစသည်တို့ကို ဆောင်ရွက် ပေးလျက်ရှိပါသည်။
ယင်းကဲ့သို့ ပညာပေးဆောင်ရွက်မှုလုပ်ငန်းများတွင် ယနေ့ခေတ် အစားဆုံး စနစ်တစ်ခုမှာမိုဘိုင်းလ်ဖုန်း များမှတစ်ဆင့်  စတော့ဈေးကွက် ဂိမ်းများကို လေ့ကျင့်စေခြင်းပင်ဖြစ်သည်။ ယခုအခါ အမေရိကန်နိုင်ငံ အပါ အဝင်  စတော့ဈေးကွက်တည်ထောင်ပြီး နိုင်ငံများတွင် စတော့ဈေးကွက်ဂိမ်းပရိုဂရမ်များကို တွင်ကျယ်စွာအသုံး ပြုလာကြသည်ကို တွေ့မြင်ရပါသည်။ ဤဂိမ်းပရိုဂရမ်ကို လူမှုအဖွဲ့အစည်းများတွင်သာမက ကျောင်းများတွင်ပါ သင်ခန်းစာ တစ်ရပ်အဖြစ်ထည့်သွင်းထားကြသည်ကိုလည်းတွေ့မြင်ရပါသည်။ ယင်းစနစ်သည်သင်ထောက် ကူပစ္စည်း တစ်ခုအဖြစ်အစိုးရမှ အသိအမှတ်ပြုပြီးသော ပရိုဂရမ်တစ်ခုဖြစ်ခြင်းကြောင့် တရားဝင်ထည့်သွင်း အသုံးပြုခွင့် ပေးအပ်ထားပြီဖြစ်ပါသည်။
အထူးသဖြင့် ဤစနစ်သည်ပညာရေးလောကအတွက် တီထွင်ဆန်းသစ်မှုတစ်ခုဖြစ်ပြီး အခြေခံမှသည် အဆင့်မြင့်အထိ အဓိကဘာသာရပ်များဖြစ်သည့် သင်္ချာ၊ သိပ္ပံ၊ လူမှုရေးသိပ္ပံနှင့် ဝိဇ္ဇာဘာသာတို့တွင် ကျောင်းသားများအနေနှင့် စဉ်းစားဆင်ခြင် တွေးခေါ်နိုင်စွမ်းများ တိုးတက်လာစေပါသည်။ ဤစတော့ အိတ်ချိန်း ဂိမ်းပရိုဂရမ်ကို လေးတန်းမှ ၁၂ တန်းအထိတွင် ပညာရေးသင်ခန်းစာများတွင် ထည့်သွင်းသင်ကြားစေခြင်း ဖြစ်ပါသည်။ ဤပရိုဂရမ်၏ အကျိုးကျေးဇူးကြောင့်ကျောင်းသား၊ ကျောင်းသူများသည် ဆန်းစစ်ဝေဖန်နိုင်သော စွမ်းရည်များတိုးတက်လာခြင်း၊ အတန်းသားအချင်းချင်း ပြိုင်ဆိုင်လိုစိတ် ပိုမိုဖြစ်ပေါ်လာကာ ယုံကြည်မှုနှင့် မိမိကိုယ်မိမိ တန်ဖိုးထားစိတ်များ၊ ပူးပေါင်းဆောင်ရွက်လိုစိတ်များ ပိုမိုဖြစ်ပေါ်လာခြင်းနှင့် ကျောင်းတက်မှုနှုန်း မြင့်မားလာကာ ကျောင်းထွက်မှုနှုန်းများလည်း တဖြည်းဖြည်း လျော့ကျလာကြောင်း တွေ့ရှိရပါသည်။ ထို့ပြင် ဤစတော့ဈေးကွက်ဂိမ်း၏ အကျိုးကြောင့် ကျောင်းသား၊ ကျောင်းသူများအနေနှင့်  စုဆောင်းလိုစိတ်များ၊ စီးပွား ရေးတွင် ရင်းနှီးမြှုပ်နှံလိုသည့်စိတ်ဓာတ်များ ပိုမိုကိန်းအောင်းလာစေကြောင်း သုတေသီများက ဆိုခဲ့ပါသည်။
စတော့အိတ်ချိန်း ဂိမ်းတစ်ခု၏ အခြေခံမှာ ကျောင်းသား သုံးဦးမှ ငါးဦးအထိကို အစုအဖွဲ့တစ်ဖွဲ့စီ ဖွဲ့စေ ကာ ၎င်းအဖွဲ့ဝင်တို့၏ မိုဘိုင်းလ်ဖုန်းအတွင်းသို့ ငွေကြေးအတု (virtualmoney)ယူနစ်တစ်သိန်း ထည့်သွင်း ပေးထားလိုက်ပါသည်။ ဆက်လက်၍ ယင်းအဖွဲ့သည် အပြင်၌ တကယ်ရှိနေသည့် စတော့အိတ်ချိန်းတွင် စာရင်းဝင်ထားသည့် စတော့နှင့်အကျိုးတူ (mutualfund)များကို ဝင်ရောက်ကာ ဝယ်ယူခြင်း၊ ရောင်းချ ခြင်းများကို ပြုလုပ်ကြပါသည်။ ယင်းဝယ်ယူရောင်းချသော ဈေးနှုန်းများမှာ တကယ့်ဈေးကွက်တွင် လက်တွေ့ ရောင်းဝယ်နေသည့်ဈေးနှုန်းများဖြစ်ပြီး ကျောင်းသားများအနေနှင့် ဈေးကွက်အတွင်း ဖြစ်ပေါ်နေသည့် စတော့ များကို ကြည့်ကာ ဝယ်ယူခြင်း၊ ရောင်းချခြင်း စသည်တို့ကို ဆောင်ရွက်ရပါသည်။ ကစားသည့်ကာလများ ကိုလည်း fall, spring, winterဟူ၍ သတ်မှတ်ပိုင်းခြားထားကာအချိန်ကာလမှာ သီတင်းပတ်ရှစ်ပတ်မှ ၁၅ ပတ်အထိ ကြာမြင့် လေ့ရှိပါသည်။
ဤသို့ ပြင်ပဈေးကွက်အတွင်းအမှန်ရှိနေသည့်စတော့များအတိုင်းဝင်ရောက်ကစားရာတွင် စတော့ပွဲစား များသို့ ပေးရသည့်ပွဲခကို အပြင်ကဲ့သို့ ၂ ရာခိုင်နှုန်း ကောက်ခံခြင်း၊ ငွေချေးယူရပါက အတိုးပေးရခြင်း၊ အချိန်နှင့် တစ်ပြေးညီ real time ကစားနိုင်ခြင်းတို့ကြောင့် သတ်မှတ်ထားသော ကာလပြည့်သည့်အချိန်တွင် မိမိတို့ကို ပေးထားသော ငွေတစ်သိန်းမှ မည်မျှမြတ်စွန်းသည်၊ မည်မျှဆုံးရှုံးသွားသည်ကိုကြည့်ကာ ကျောင်းသားတို့ အနေနှင့် ဈေးကွက်အခြေအနေအား မည်မျှခန့်မှန်းတွက်ချက်နိုင်သည်ကို လေ့လာနိုင်ပေသည်။ ဤသို့ ဆော့ ကစားရသည့်အတွက်ကျောင်းသားများအနေနှင့်လည်း  အရွယ်ရောက်လာသည့် အချိန်တွင်ဈေးကွက်ကြီးအား အဆင်သင့် ပါဝင်နိုင်သော အင်အားစုတစ်ရပ် ဖြစ်သွား ပေတော့သည်။
ဤစနစ်အတွင်းတွင်အခြားသော အဆင့်မြင့်နည်းစနစ်များကိုလည်းထည့်သွင်းထားပါသည်။ လက်တွေ့ သင်ကြားရာတွင် မတက်ရောက်နိုင်သူများအတွက် online မှတစ်ဆင့်ကျူတိုရီရယ်နှင့် လေ့ကျင့်ခန်းများ  ကိုပြုလုပ်နိုင်ခြင်း၊ online မှတစ်ဆင့်ဆရာနှင့် သင်ရိုးညွှန်းတမ်းများကိုရယူနိုင်ခြင်း၊ ကျောင်းသားများ၏ သင်ရိုး ညွှန်းတမ်းများတွင် ဈေးကွက်သုတေသနပြုနည်းများကို ထည့်သွင်းပေးထားခြင်း၊ online  မှ အကူအညီပေးရေး help desk များ အဆင်သင့်ပေးထားခြင်း၊ လက်ရှိ ဈေးကွက်ပေါက်ဈေးများကို Reuter သတင်းဌာနမှ အချိန်မီ ရရှိနိုင်ခြင်း၊ သုံးစွဲသူများအား စဉ်ဆက်မပြတ် ရောင်းဝယ်မှုနည်းစနစ်များကို သင်ကြားပြသနေခြင်းတို့ကြောင့်  ဤစနစ်သုံးစွဲသူများသည် လက်တွေ့တွင်လည်း ကျွမ်းကျင်သူများ ဖြစ်သွားရလေသည်။
ဤသို့သော စတော့ဈေးကွက်ပညာပေးရေးအစီအစဉ်များကို နိုင်ငံတော်အဆင့် ဖောင်ဒေးရှင်းများ တည်ထောင်ကာ ဆောင်ရွက်ခြင်း၊ ပြည်တွင်းရှိ ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီ ရာပေါင်းများစွာတို့မှ ဘဏ္ဍာငွေစုစည်းထည့်ဝင်ကာ ပညာရေး အထောက်အပံ့အစီအစဉ်များ ဆောင်ရွက်ပေးခြင်း၊ အဆိုပါ စတော့ ဂိမ်းများသည် နိုင်ငံတော်အဆင့်စတော့အိတ်ချိန်းများ၏ ထောက်ခံမှုဖြင့် ဆောင်ရွက်နေခြင်းတို့ကြောင့်စတော့ အိတ်ချိန်း ဂိမ်းပရိုဂရမ်များဖြင့်ပညာပေးမှုသည် အချိန်တိုအတွင်း အောင်မြင်ခေတ်စားလာခဲ့ခြင်း ဖြစ် ပေသည်။
ထို့ပြင် အဆိုပါ စတော့ဂိမ်းအစီအစဉ်များကို ဒေသဆိုင်ရာ အစိုးရခေါင်းဆောင်များ၊ အစိုးရ ပညာရေး ဌာနများနှင့် ပုဂ္ဂလိကပညာရေးကျောင်းများကလည်း အသိအမှတ်ပြု ပါဝင်လာခဲ့ပါသည်။ အောက်ခြေအဆင့် အထိ ပါဝင်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ယခုအခါ အဆိုပါ ပရိုဂရမ်သည် ဒေသများအားလုံး အထိ ပျံ့နှံ့ရောက်ရှိခဲ့ရပါသည်။
ဤသို့သော စနစ်တစ်ခုအောင်မြင်ရန်မှာ အခက်အခဲနှင့် ကြိုးပမ်းမှုပေါင်းများစွာ၊ စမ်းသပ်မှုပေါင်းများစွာ ကို ပြုလုပ်ခဲ့ရပါသည်။ အမေရိကန်တွင် ဤစနစ်ကို လွန်ခဲ့သည့် ၂၅ နှစ်က စတင်၍ ကြိုးပမ်းဆောင်ရွက်ခဲ့ရပြီး ၁၉၇၇ ခုနှစ်မှ ယခုအချိန်အထိကျောင်းသားပေါင်း ကိုးသန်းကိုသင်ကြားခဲ့ပြီးဖြစ်သည်။ ယခုအချိန်များတွင်မူ စီးပွားရေးထွန်းကားစအာရှနိုင်ငံများအဖို့ ဤသို့သောပညာပေးရေးအစီအစဉ်များအတွက် ခက်ခက်ခဲခဲစမ်းသပ် ရန် ၊ သုတေသနပြုရန် မလိုတော့ပါချေ။ Late   comer တို့၏ထုံးစံအတိုင်း အဆင်သင့် ဆွတ်ခူးစား သုံးရုံသာရှိပါသည်။ သို့သော်လည်း စတော့ရှယ်ယာဈေးကွက်၏လက်တွေ့ဘဝမှာမူ အဆိုပါ ဂိမ်းပရို ဂရမ်များတွင် မပါဝင်သေးသည့် အခြားသော အကြောင်းရင်းများစွာ ရှိနေပါသေးသည်။ ကောင်းမွန်သည့် ကော်ပိုရိတ်စီမံခန့်ခွဲမှုစနစ်များ၊ နိုင်ငံရေးဆိုင်ရာ စွန့်စားရမှုများ၊ စီးပွားရေးဆိုင်ရာ စွန့်စားရမှုများ၊ ပြည်တွင်း ပြည်ပတို့မှ ကြိုတင်ခန့်မှန်း၍ မရနိုင်သော အကြောင်းအရာများကြောင့်စတော့ဂိမ်းကို မည်မျှကျွမ်းကျင်စေကာမူ လက်တွေ့တွင်မူ… ။
ထွန်းသက်ထွန်းထံမှ ကူးယူဖော်ပြပေးပါသည်။

No comments:

Post a Comment

ဝင်ရောက်ဆွေးနွေးနိုင်ကြပါတယ်