Sunday, March 16, 2014

Mobile Banking ကို သုံးစွဲလာစေရေး အဆင့်သုံးဆင့်ဖြင့် ဆောင်ရွက်မည်

 မြန်မာနိုင်ငံ၏ ပထမဆုံးမိုဘိုင်းလ်ငွေကြေးစနစ်ဖြစ်သော Myanmar Mobile Money ၏ ၀န်ဆောင်မှု များနှင့်ပတ်သက်၍ The Trade Times ဂျာနယ်မှ ဇင်မာဝင်းစံက Myanmar Mobile Money အထွေထွေမန် နေဂျာ(စီမံကိန်း) ဦးအောင်အောင်ချိုနှင့် တွေ့ဆုံမေးမြန်းခဲ့မှုများကို ရေးသားဖော်ပြလိုက်ပါသည်။
Myanmar Mobile Money က တစ်ဆင့် ဘယ်လိုဝန်ဆောင်မှုမျိုးတွေ ရရှိနိုင်မလဲဆိုတာ အရင်ဆုံးပြောပြပေးပါ ဆရာ။
လူတစ်ဦးနဲ့တစ်ဦးကြား ငွေလွှဲပြောင်းပေးချေမှုတွေကို မိုဘိုင်းလ်ဖုန်းအသုံးပြုပြီး ဆောင်ရွက်နိုင်မှာပါ။ အဓိက ဝန်ဆောင်မှု ခြောက်မျိုးရှိတယ်။ လက်ရှိမှာ ငွေသွင်း၊ ငွေထုတ်ခြင်း၊ ငွေလွှဲခြင်း၊ လစာပေးခြင်း၊ အသေး စား ချေးငွေလုပ်ငန်းနဲ့မိုဘိုင်းလ်ဖုန်း ငွေဖြည့်သွင်းခြင်းတို့ကို အသုံးပြုလို့ရနေပြီ။ နောက်ပိုင်း စျေးဝယ်စင်တာ တွေမှာ POS Terminal တွေ ထားပြီး စျေးဝယ်နိုင်တဲ့ဝန်ဆောင်မှုလည်း လုပ်သွားမှာဖြစ်ပါတယ်။
ဝန်ဆောင်မှုတွေကို အသုံးပြုချင်ရင် ဘယ်လိုလုပ်ရမလဲ။
ပြည်တွင်းမှာ အသုံးပြုနေတဲ့မိုဘိုင်းလ်ဖုန်း အမျိုးအစားတွေအားလုံးမှာ အသုံးပြုလို့ ရပါတယ်။ အသုံး ပြုဖို့ SMS၊ USSD နဲ့ Mobile Apps ဆိုပြီး နည်းလမ်းသုံးခုရှိပါတယ်။ SMS က ဘယ်ဖုန်း၊ ဘယ်ဟန်းဆက်မှာ မဆိုသုံးလို့ရတယ်။ USSD က ဂျီအက်စ်အမ်ပေါ်မှာပဲသုံးလို့ရတယ်။  Mobile Apps  ကအင်တာနက် ချိတ်ဆက် ထားဖို့ လိုပါတယ်။ Register မှာပဲ Non KYC နဲ့ KYC ဆိုပြီး customer နှစ်မျိုးရှိပါတယ်။ အခုပြောသွားတဲ့နည်း လမ်းတွေက Non KYC ပဲ ဖြစ်မှာပါ။ Agent ဆီသွားဖို့ မလိုဘဲ မိုဘိုင်းလ်ဖုန်းနဲ့ Register လုပ်ဖို့ပဲ လိုပါတယ်။ KYC customer ဖြစ်ဖို့ Agent ဆီမှာ Customer application form သမာဖြည့်ဖို့လိုတယ်။
အခုပြောသွားတဲ့ Non KYC နဲ့ KYC customer နှစ်မျိုးက ဘာတွေကွဲပြားမှုရှိလို့လဲ။
Non KYC customer အချင်းချင်း၊ ဒါမှမဟုတ် Non KYC နဲ့ KYC ၊ ဒါမှမဟုတ် Non KYC ကနေ register မလုပ်ထားသူ၊ ဒီလူတွေ ငွေလွှဲရင် တစ်ရက်ကို ၅ဝ,ဝဝဝ ပဲ အများဆုံး လွှဲလို့ရတယ်။ KYC customer အချင်းချင်းဆိုရင် တစ်နေ့ကို သုံးကြိမ်၊ တစ်ကြိမ်မှာ ငါးသိန်း၊ ငွေပမာဏကဆယ်သိန်းအထိ လွှဲလို့ရတယ်။
ဝန်ဆောင်ခကိုရော ဘယ်လိုသတ်မှတ် ကောက်ခံသွားမှာပါလဲ။
ငွေပမာဏအလိုက် ဝန်ဆောင်ခခွဲခြားထားပါတယ်။ မှတ်ပုံတင်ကြေးကျပ် ၅ဝဝ နဲ့ လစဉ်ကြေး ကျပ် ၂,ဝဝဝ သတ်မှတ်ထားပေမယ့် ခြောက်လအခမဲ့ ပေးသွားမှာပါ။ ခြောက်လနောက်ပိုင်းမှာ လုပ်ငန်းအနေအထား အရ အဆင်ပြေတယ်။ မြန်မာ့ဆက်သွယ်ရေးကလည်း လက်ခံတယ်ဆိုရင် မကောက်ခံတော့ဘူး။ ကောက်ခံ ရမယ်ဆိုရင်လည်း လက်ရှိနှုန်းထားထက် လျော့သွားဖို့ ရှိပါတယ်။
တစ်နိုင်ငံလုံး အတိုင်းအတာနဲ့အသုံးပြုနိုင်မှာလား။
ပြည်နယ် သုံးခုလောက်မှာ မရသေးဘူး။ မရဘူးဆိုတာက လုံးဝမရတာ မဟုတ်ဘူး။ ၆ဝ ရာခိုင်နှုန်း လောက် cover ဖြစ်ထားတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁ဝ ခုလောက်မှာ Agent Network  ရာနှုန်းပြည့် ဖြန့်ကြက်ထားနိုင်ပြီ။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မြို့ကြီးတွေမှာအကုန်ရတယ်။
တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁ဝ ခုလောက်မှာ ရာနှုန်းပြည့် ရရှိနေပြီဆိုတော့ Agent Network ကို ဘယ်လောက် တည်ဆောက်ထားပြီးပြီလဲ။
ကျွန်တော်တို့ ဝန်ဆောင်မှု စတင်ဖို့လုပ်နေတာ နှစ်နှစ်လောက်ရှိပြီ။ လွန်ခဲ့တဲ့ ခြောက်လလောက်က စပြီး Agent Network တည်ဆောက်နိုင်ဖို့တစ်နိုင်ငံလုံးမှာ မြို့နယ်အလိုက်လူဦးရေနဲ့ ဖုန်းသိပ်သည်းဆတွေ တွက်ချက်ဒီဇိုင်းဆွဲပြီး Agent တွေခေါ်ယူခဲ့တာပါ။ လက်ရှိမှာ ၅,ဝဝဝ ဝန်းကျင်လောက် ရှိတယ်။ ၂,ဝဝဝ နီးပါး က အဆင်သင့်ဖြစ်နေပြီ။ ဒီနှစ်ဧပြီလလောက်မှာ Agent အင်အား ၁ဝ,ဝဝဝ၊ ၁၅,ဝဝဝ လောက်အထိရှိဖို့ မျှော်မှန်းထားတယ်။ Agent Network ဆိုတာ သုံးသူပေါ် မူတည်ပြီးတည်ဆောက်ရတာပါ။ ဒီနှစ်ကုန် လောက်မှာ သုံးသူ တစ်သန်းကနေတစ်သန်းခွဲလောက်အထိ မှန်းထားတယ်။ တစ်သန်းဆိုရင် Agent က ၃၅,ဝဝဝ လောက် ရှိမှ လုံလောက်တယ်လို့ ပြောလို့ရတယ်။ ဒါကြောင့်မို့ဒီနှစ်ကုန်မှာ အနည်းဆုံး Agent ၃၅,ဝဝဝ ကနေ အများဆုံး ၅ဝ,ဝဝဝ လောက်အထိ မျှော်မှန်းထားတယ်။
Agent အဖြစ် လျှောက်ထားချင်ရင် ဘယ်လိုဆောင်ရွက်ရမလဲဆိုတာလည်း သိချင်ပါတယ်။
Super Agent, Agent နဲ့ Merchant ဆိုပြီး Agent သုံးမျိုး ရှိတယ်။ Super Agent က ငွေသား deposit ကို သိန်း ၂၅ဝ နဲ့ သိန်း ၁,ဝဝဝ အတွင်း တင်ပေးရတယ်။ Agent ကသိန်း ၅ဝ နဲ့ ၂၅ဝ ကြား၊ Merchant က သိန်း ၂ဝ နဲ့ ၅ဝ ကြား တင်ပေးဖို့လိုတယ်။ Agent အဖြစ် လျှောက်ထားချင်တယ်ဆိုရင် ဒီသုံးမျိုးထဲကကြိုက်တဲ့ပုံစံ၊ ဆိုင်ဖွင့်မယ့်နေရာအတိအကျ ရွေးရမယ်။ ပြီးရင် သတ်မှတ်ထားတဲ့ပုံစံမှာအတိအကျ ဖြည့်စွက်ပြီး တင်ပြပါ။ စာရွက်စာတမ်း၊ အချက်အလက်ပေါ်မူတည်ပြီးအဆင်ပြေရင်ငွေသွင်းခိုင်းပြီးကိုယ့်ဆိုင်မှာ လုပ်မယ့် ဝန်ထမ်းငါးယောက်လောက်ကိုသင်တန်းပေးမယ်။ ဒါဆိုလုပ်လို့ရပြီ။ဒီလူတွေကကျွန်တော်တို့ကိုယ်စား ဝန်ဆောင်မှုပေးမယ်။ အဓိကလုပ်ရမှာတော့ Cash In, Cash Out လုပ်ငန်းတွေပါ။ နောက်တစ်ဆင့်အနေနဲ့ Bill Payment ပါလာရင် ဒီဝန်ဆောင်မှုပါ လုပ်ခွင့်ရမယ်။ အကျိုးအမြတ်ကို ဝန်ဆောင်မှုအလိုက် ခွဲဝေပေးတယ်။
အခုတော့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့ နက်ဝပ်ခ်တစ်ခုပဲ ရှိတော့ဒီပေါ်မှာပဲ သုံးတာပေါ့။ နောက်ပိုင်းနိုင်ငံ ခြားအော်ပရေတာတွေ ရှိလာတဲ့အခါ သူတို့ရဲ့နက်ဝပ်ခ်တွေကို သုံးသွားဖို့ရှိလား။
ဒါကတော့ Guideline ပေါ်မှာမူတည်တယ်။ ကိုယ့် platform နဲ့ ကိုယ်လုပ်ဖို့ များပါတယ်။ အဓိက အတူပူး ပေါင်းပြီး လုပ်မလားပေါ့။ ဒီတိုင်းပြည်ထဲမှာပဲ သုံးနေတာမို့ cross platform က သွားလို့ရနေမှာပဲ။
အခုဆိုရင် hacking တွေကအရမ်းများလာတယ်လေ။ ဒီတော့အကောင့် လုံခြုံရေးအတွက်ဘယ်လိုများ ဆောင်ရွက်ထားလဲ။
ဒီစနစ်က တစ်ကိုယ်ရေသုံးအတွက် တော်တော်ကြီးကို လုံခြံုတဲ့အနေအထားတစ်ခုမှာ ရှိပါတယ်။ လုံခြံုမှုကို နိုင်ငံတော်တော်များများက ဟက်ကာတွေ ခေါ်ယူစမ်းသပ်ပြီးသေချာပြီဆိုမှ အများပြည်သူကို ကြေညာတာပါ။ လိုအပ်တဲ့ လုံခြံုမှုစနစ်တွေကို အားလုံး အတိအကျလိုက်နာထားပါတယ်။ ကျွန်တော်တို့ရဲ့စနစ် က ရာနှုန်းပြည့် လုံခြံုစိတ်ချရမှု မရှိဘူးဆိုရင် ဗဟိုဘဏ်မှာလည်း ပညာရှင်တွေ ရှိတာပဲ ခွင့်ပြုမှာ မဟုတ်ပါဘူး။
ပြည်တွင်းက အခြားဘဏ်အပါအဝင် ငွေကြေးအဖွဲ့အစည်းတွေနဲ့ချိတ်ဆက် လုပ်ဆောင်သွားဖို့ရောရှိလား။
အခုအချိန်မှာ ဘဏ်အတော်များများနဲ့ ပဏာမ ညှိနှိုင်းဆွေးနွေးဆောင်ရွက်နေတာတွေ ရှိပါတယ်။ ငွေကြေးဝန်ဆောင်မှု ဖြစ်တဲ့အတွက်အသေးစိတ် ညှိနှိုင်းဆွေးနွေးရတာဖြစ်လို့ အချိန်ယူရပါတယ်။ သိပ်မကြာ ခင်မှာ လက်တွဲလုပ်မယ့်ဘဏ်တွေကို ကြေညာပေးသွားမှာပါ။
ကိစ္စတိုင်းမှာ အားနည်းချက်၊ အားသာချက် ရှိတယ်လေ။ ဒီဝန်ဆောင်မှုရဲ့ အားနည်းချက်တွေကရော ဘာတွေ ဖြစ်မလဲ။
အားနည်းချက်အနေနဲ့ တစ်ခုက awareness မရှိတာပေါ့။ ဖုန်းပေါ်ကတစ်ဆင့် သုံးစွဲဖို့ဆိုတာနည်းပညာ အခက်အခဲ ရှိပါတယ်။ လူတွေက ဒီစနစ်နဲ့ပတ်သက်ပြီး သေချာမသိသေးတော့ သုံးစွဲမှု သိပ်မတွင်ကျယ်ဘူးပေါ့။ နောက်တစ်ခုက rules & regulations ပါ။ လက်ရှိဝန်ဆောင်ခ နှုန်းထားတွေနဲ့ ယှဉ်ရင်နည်းအောင် လုပ်ထားတယ် ဆိုပေမယ့် ဒါက ကိုယ်ပိုင်အချက်အလက်တွေနဲ့ သတ်မှတ်ထားတာပါ။ rules & regulations တွေကြားမှာ ဥပဒေအနေနဲ့ ပြတ်ပြတ်သားသား မရှိသေးပါဘူး။ နောက်ပိုင်းမှာ ဝန်ဆောင်ခကိုဗဟိုဘဏ်က သတ်မှတ်ပေးမယ်ဆိုရင်တော့ ကောင်းတာပေါ့။ ဒါဒုတိယအခက်အခဲပါ။ နောက်ဆုံးတစ်ခုကတော့ ပြည်တွင်း အချင်းချင်းပဲ ငွေလွှဲပေးလို့ရသေးတယ်။ ပြည်ပငွေလွှဲပါလုပ်ပေးနိုင်မယ်ဆိုရင် အရမ်းအဆင်ပြေပါတယ်။ ဒါကတော့ အခက်အခဲလို့လည်း ပြောလို့ရတယ်။ အားနည်းချက်လို့လည်း ပြောလို့ရတယ်။ ဒါကိုလည်း အဆင်ပြေအောင် ဆောင်ရွက်သွားမှာပါ။
Mobile Banking စနစ်ကဒီက အသုံးပြုသူတွေနဲ့ စိမ်းနေသေးတယ်။ သုံးသူများလာအောင် ဘယ်လိုလုပ်မလဲ။
အဆင့် သုံးဆင့်နဲ့ ဆောင်ရွက်သွားဖို့ မှန်းထားတယ်။ အရင်ဆုံးရုပ်သံမီဒီယာတွေကတစ်ဆင့် ရင်းနှီးဖို့ လုပ်သွားမယ်။ ဒုတိယအဆင့်အနေနဲ့ road show နဲ့ awareness campaign တွေလုပ်မယ်။ ဆိုရှယ်မီဒီ ယာတွေ၊ ပြပွဲတွေကတစ်ဆင့်မိတ်ဆက်မယ်။ နောက်ဆုံးအဆင့်အနေနဲ့ Agent တွေနဲ့ ပူးပေါင်းပြီးသူတို့ ပတ်ဝန်းကျင်မှာ ဒီဝန်ဆောင်မှုကို ရင်းနှီးဖို့ ပညာပေးလုပ်ငန်းတွေလုပ်သွားမယ်။
သူငယ်ချင်းဆိုက်တစ်ခုမှကူးယူဖော်ပြပေးထားပါသည်။

No comments:

Post a Comment

ဝင်ရောက်ဆွေးနွေးနိုင်ကြပါတယ်