Sunday, March 16, 2014

ကုမ္ပဏီတည်ထောင်ခြင်းနှင့် ကုမ္ပဏီအကြောင်း သိကောင်းစရာ


မေး ။   ။         ကုမ္ပဏီ ဘယ်နှစ်မျိုးရှိပါသလဲ။
ဖြေ ။    ။         အများဆိုင်ကုမ္ပဏီနဲ့ ပုဂ္ဂလိကကုမ္ပဏီဆိုပြီး နှစ်မျိုးရှိပါတယ်။
အများဆိုင်ကုမ္ပဏီ ဖွဲ့စည်းတည်ထောင်မယ်ဆိုရှု အနည်းဆုံးပုဂ္ဂိုလ်(၇)ဦး ရှိရပါမယ်။ ပုဂ္ဂလိက ကုမ္ပဏီဖွဲ့စည်း မယ်ဆိုရင်တော့ အနည်းဆုံး(၂)ဦးနဲ့ ဖွဲ့စည်းရပါမယ်။
မေး ။   ။         အများဆုံးဦးရေကိုကော ဘယ်လိုသတ်မှတ်ပါသလဲ။
ဖြေ ။    ။         အများဆိုင်ရာကုမ္ပဏီကိုဖွဲ့ရင် အများဆုံးဦးရေကို ကန့်သတ်မထားပါ။
ပုဂ္ဂလိက ကုမ္ပဏီဖွဲ့စည်းရင်တော့ အများဆုံးဦးရေ(၅၀)ထိ သတ်မှတ်ပါတယ်။
မေး ။   ။         ပုဂ္ဂလိက ကုမ္ပဏီရဲ့ ကန့်သတ်မှုကို သိချင်ပါတယ်။
ဖြေ ။    ။         ပုဂ္ဂလိက ကုမ္ပဏီက အသင်းအဖွဲ့စည်းမျဉ်းတွေနဲ့ အစုရှယ်ယာတွေ လွှဲပြောင်းနိုင်တဲ့အခွင့် အရေးကို ချုပ်ချယ်တယ်။ ကုမ္ပဏီရဲ့ အဖွဲ့ဝင်ဦးရေကို (၅၀)ဦးအထိသာ ကန့်သတ်တယ်။ ကုမ္ပဏီအစုရှယ်ယာ နဲ့ဒီဘင်ချာ ချေးငွေစာချုပ်တွေကို အများကို ဖိတ်ခေါ်ရောင်းချတာမျိုး မပြုလုပ်ဖို့တားမြစ်ပါတယ်။
မေး ။   ။         လီမိတက်ဆိုတာကို ရှင်းပြပါ။
ဖြေ ။    ။         ကုမ္ပဏီတိုင်းဟာ လီမိတက်မဟုတ်ပါ။ လီမိတက်မဟုတ်တဲ့ ကုမ္ပဏီတွေကိုလည်း တည် ထောင်လို့ရပါတယ်။ ကွာခြားချက်ကတော့ ပေးဖို့တာဝန် ကန့်သတ်ထားတဲ့ ကုမ္ပဏီဖြစ်ရင် ကုမ္ပဏီရဲ့နောက်မှာ လီမိတက်လို့ဖော်ပြရပါတယ်။ ဒါဟာ ဥပဒေအရမဖော်ပြလို့မရတဲ့သဘောပဲ။ ကုမ္ပဏီရဲ့နောက်မှာ လီမိတက်လို့ ဖော်ပြမပါရှိရင် အဲဒီကုမ္ပဏီဟာ ပေးဖို့တာဝန် ကန့်သတ်ထားတဲ့ကုမ္ပဏီမဟုတ်ဘူးလို့ ဆိုရပါမယ်။
ပေးဖို့တာဝန် ကန့်သတ်ထားတဲ့ကုမ္ပဏီဖြစ်ရင် အစုရှယ်ယာပိုင်ဆိုင်ထားတဲ့သူဟာ မိမိပိုင် အစုရှယ်ယာ တွေရဲ့ သတ်မှတ်တန်ဖိုးကို ကုမ္ပဏီကို အပြည့်အ၀ပေးသွင်းဖြစ်ရင် နောက်ထပ်ဘယ်လိုနည်းနဲ့မှ အဲဒီငွေထက် ပိုပြီးပေးဖို့တာဝန်မရှိပါ။ ကုမ္ပဏီအနေနဲ့ ဆုံးရှုံးလို့အကြွေးမဆပ်နိုင်ဖြစ်နေတဲ့တိုင်အောင် အစုအဖွဲ့ဝင်ကနောက် ထပ်ပေးဖို့ တာဝန်မရှိဘူးဆိုတဲ့ သဘောပါ။ ဒါကိုအင်္ဂလိပ်လို လီမိတက်လို့ခေါ်တာဖြစ်တယ်။
မေး ။   ။         ဦးပိုင်ကုမ္ပဏီ၊ လက်အောက်ခံကုမ္ပဏီ ဆိုတာကိုလည်း သိချင်ပါတယ်။
ဖြေ ။    ။         ပထမကုမဏီတစ်ခုက ဒုတိယကုမ္ပဏီတစ်ခုရဲ့ အစုရှယ်ယာတွေကို အများအပြားပိုင်ဆိုင်ထား ရင် ဒုတိယကုမ္ပဏီက ထုတ်ဝေထားတဲ့ အစုရှယ်ယာမတည်ငွေရင်းရဲ့(၅၀)ရာခိုင်နှုန်းထက်ပိုရင် ဒါမှမဟုတ် ဒုတိယကုမ္ပဏီမှာရှိတဲ့ မဲပေးနိုင်ခွင့်အာဏာကို (၅၀)ရာခိုင်နှုန်းထက် ကျော်လွန်ပြီဆိုရင် ပထမကုမ္ပဏီဟာ ဦးပိုင်ကုမ္ပဏီဖြစ်တယ်။ ဒုတိယကုမ္ပဏီကတော့ လက်အောက်ခံကုမ္ပဏီဖြစ်တယ်။
အလားတူ ဒုတိယကုမ္ပဏီမှာရှိတဲ့ ဒါရိုက်တာဦးရေ(၅၀)ရာခိုင်နှုန်းထက်ပိုပြီး ခန့်ထားနိုင်တဲ့အာဏာကို ပထမကုမ္ပဏီက ရရှိထားရင်လည်း ပထမကုမ္ပဏီဟာ ဦးပိုင်ကုမ္ပဏီဖြစ်တယ်။ ဒုတိယကုမ္ပဏီကတော့ လက် အောက်ခံကုမ္ပဏီဖြစ်တယ်။
ဒါ့အပြင် လက်အောက်ခံကုမ္ပဏီရဲ့ လက်အောက်ကုမ္ပဏီလည်း အပါအ၀င်ဖြစ်တယ်လို့ ဆိုရပါမယ်။
မေး ။   ။         ကုမ္ပဏီနဲ့ အစုစပ်ခြားနားချက်က ဘယ်လိုရှိပါသလဲ။
ဖြေ ။    ။         အစုစပ်လုပ်ငန်းဆိုတာ ကုမ္ပဏီဥပဒေအရ မှတ်ပုံတင်တည်ထောင်တဲ့ ကုမ္ပဏီမဟုတ်ပါ။ အစုစပ်လုပ်ငန်းဥပဒေအရ မှတ်ပုံတင်ရတဲ့လုပ်ငန်းပါ။ ကုန်သွယ်မှုအစုစပ်မှာ အစုစပ်အများဆုံး(၂၀)ဦး၊ ဘဏ် လုပ်ငန်းအစုစပ်မှာ အများဆုံး(၁၀)ဦးအထိသာ ထားခွင့်ရှိပါတယ်။
အစုစပ်လုပ်ငန်းဟာ ကုမ္ပဏီလိုမျိုး သီးခြားတရားဝင်ရပ်တည်တဲ့ ပုဂ္ဂိုလ်အပေါင်းအစုတစ်ခုမဟုတ်ပါ။ အစုစပ်အဖွဲ့ဝင်တွေဟာ ကုမ္ပဏီလိုပေးဖို့တာဝန်အကန့်အသတ်မရှိပါ။ အစုဝင်တွေဟာ တစ်ဦးတည်းပဲဖြစ်ဖြစ်၊ ပူးတွဲပဲဖြစ်ဖြစ် အသီးသီးမှာ တာဝန်ရှိကြပါတယ်။
အစုစပ်လုပ်ငန်းဟာ ကုမ္ပဏီလိုမျိုးစဉ်ဆက်မပြတ် ဆက်ခံရပ်တည်ခွင့်မရပါ။ အစုစပ်စာချုပ်မှာ သဘော တူပြုလုပ်ထားတာမရှိရင် အစုစပ်ဝင်တစ်ဦးသေဆုံးပါက လုပ်ငန်းဆုံးခန်းတိုင် ရောက်တယ်။ အစုဝင်အားလုံးရဲ့ သဘောတူချက်နဲ့လည်း အစုစပ်လုပ်ငန်းကိုအချိန်မရွေး ဖျက်သိမ်းနိုင်တယ်။ အခြားအစုဝင်တွေသဘောမတူရင် မိမိရဲ့အစုကို လွှဲပြောင်းရောင်းချတာမျိုး မပြုလုပ်နိုင်ပါ။
အစုစပ်လုပ်ငန်းကို လုပ်တဲ့အခါ အရင်းအနှီးထည့်ဝင်ထားတဲ့ငွေတွေကို အစုရှယ်ယာမတည်ငွေရင်း အဖြစ်သတ်မှတ်တယ်။ ကုမ္ပဏီတွေမှာလို အစုရှယ်ယာတစ်ခုရဲ့တန်ဖိုး ဘယ်ရွေ့ဘယ်မျှရယူပိုင်ဆိုင်တယ်လို့ မသတ်မှတ်ပါ။ အစုစပ်ဝင်ဒါမှမဟုတ် အားလုံး အညီအမျှထည့်ရင်လည်း ရတယ်။
ကုမ္ပဏီမှာ အကြီးအကဲကို ‘မန်းနေဂျားဒါရိုက်တာ’ လို့ခေါ်တယ်။ အစုစပ်လုပ်ငန်းမှာတော့ ‘မန်းနေ ဂျင်းပါတနာ’ လို့ခေါ်တယ်။

ဆရာ ဦးကျော်ဇေယျ ရေးသားသော စီးပွားရေးလုပ်ငန်းရှင်လက်စွဲစာအုပ်မှ ကောက်နုတ်ဖော်ပြထားပါသည်။

No comments:

Post a Comment

ဝင်ရောက်ဆွေးနွေးနိုင်ကြပါတယ်