Sunday, March 16, 2014

အစုရှယ်ယာဆိုသည်မှာ


မေး ။   ။         အစုရှယ်ယာတွေထည့်ဝင်ငွေရင်းကိစ္စ သိချင်ပါတယ်။
ဖြေ ။    ။         ကုမ္ပဏီအဖွဲ့ဝင်တစ်ဦးရဲ့ အစုရှယ်ယာတွေ ဒါမှမဟုတ်အခြားအကျိုးခံစားခွင့်တွေဟာ ရွှေ့ ပြောင်းနိုင်တဲ့ပစ္စည်း ဖြစ်ရပါမယ်။ ဒါ့အပြင် ကုမ္ပဏီရဲ့ အသင်းအဖွဲ့စည်းမျဉ်းမှာ ပြဋ္ဌာန်ထားတဲ့ နည်းလမ်းတွေ အတိုင်းလွှဲပြောင်းနိုင်ခွင့်ရှိရမှာဖြစ်တယ်။
အစုရှယ်ယာ မတည်ငွေရင်းထားရှိတဲ့ ကုမ္ပဏီတစ်ခုမှာ အစုရှယ်ယာတစ်ခုချင်းကို သင့်လျော်တဲ့ အမှတ်စဉ်နံပါတ်တပ်ပြီး ထားရှိရတယ်။
အဖွဲ့ဝင်တစ်ဦးပိုင်ဆိုင်တဲ့ အစုရှယ်ယာတွေ စတော့ခ်တွေကို တိတိကျကျဖော်ပြပြီး ကုမ္ပဏီရဲ့ ကိုယ်ပိုင် တံဆိပ်တုံးနှိပ်ပြီး ထုတ်ပေးတဲ့ သက်သေခံလက်မှတ်ဟာ ဒီအစုရှယ်ယာတွေ၊ စတော့ခ်တွေကို အဲဒီအဖွဲ့ဝင်ပိုင် ဆိုင်တဲ့အကြောင်း ခိုင်လုံတဲ့ သက်သေခံအထောက်အထား ဖြစ်စေရမှာဖြစ်တယ်။
မေး ။   ။         အစုရှယ်ယာ ဘယ်နှစ်မျိုးရှိပါသလဲ။
ဖြေ ။    ။         ကုမ္ပဏီဥပဒေမှာ အသိအမှတ်ပြုဖော်ပြထားတဲ့ အစုရှယ်ယာ အတန်းအစားတွေကတော့
၁။ သာမန်အစုရှယ်ယာ
၂။ ဦးစားပေးအစုရှယ်ယာ
၃။ နောက်ချန်အစုရှယ်ယာ
၎။ ပြန်လည်ရွေးယူနိုင်တဲ့ ဦးစားပေးအစုရှယ်ယာတွေပါပဲ။
အစုရှယ်ယာ အတန်းအစားသီးသီးမှာ အခွင့်အရေးအမျိုးမျိုးရှိတယ်။ အစုရှယ်ယာအတန်းအစားခွဲခြား ထားရှိချက်နဲ့ သတ်မှတ်ထားတဲ့ အခွင့်အရေးတွေကို ကုမ္ပဏီရဲ့ သင်းဖွဲ့မှတ်တမ်းနဲ့ သင်းဖွဲ့စည်းမျဉ်းတွေမှာ ဖော်ပြဖို့လိုတယ်။ ဒီအခွင့်အရေးတွေကို ပြင်ဆင်ပြောင်းလဲတာမျိုး မပြုလုပ်နိုင်ပါ။ ပြင်ဆင်ပြောင်းလဲချင်ရင် ပေးထားပြီးဖြစ်တဲ့ အခွင့်အရေးတွေကို မထိခိုက်အောင် အကာအကွယ်ပေးနိုင်ဖို့်အတွက် ကုမ္ပဏီဥပဒေမှာ သတ်မှတ်ထားတဲ့နည်းလမ်းအတိုင်းသာ ဆောင်ရွက်ရမှာဖြစ်တယ်။
မေး ။   ။         သာမန်အစုရှယ်ယာဆိုတာ ဘယ်လိုမျိုးပါလဲ။
ဖြေ ။    ။         ကုမ္ပဏီတစ်ခုမှာ အမြဲတမ်းရှိနေတဲ့ ရှယ်ယာအတန်းအစားဖြစ်တယ်။ ဘယ်အခွင့်အရေးကိုမှ အထူးတလည် သတ်မှတ်ဖော်ပြပေးဖို့မလိုဘဲ အစုရှယ်ယာဝင်တိုင်းရရှိမယ့်အခွင့်အရေးမှန်သမျှကို ရရှိမယ့် ရှယ်ယာအတန်းအစားမျိုးဖြစ်တယ်
ကုမ္ပဏီမှာ ဦးစားပေးအစုရှယ်ယာတွေဆိုရင် အဲဒီအစုရှယ်ယာတွေအတွက် ပုံသေသတ်မှတ်ထားတဲ့ အမြတ်ဝေစုကို ခွဲဝေပေးပြီးနောက် ကျန်အမြတ်အားလုံးဟာ သာမန်အစုရှယ်ယာတွေအတွက်ဖြစ်တယ်။
မေး ။   ။         ဦးစားပေးအစုရှယ်ယာ ဆိုတာကကော
ဖြေ ။    ။         သင်းဖွဲ့စည်းမျဉ်းမှာ ဖော်ပြထားတဲ့ ပုံသေရာခိုင်နှုန်းနဲ့ အမြတ်ဝေစုကို သာမန်အစုရှယ်ယာတွေ ရဲ့အလျင်ရနိုင်တဲ့ အခွင့်အရေးရတယ်။ သတ်မှတ်ထားတဲ့ပုံသေအမြတ်ဝေစုထက် ပိုလို့တော့မရနိုင်ပါ။ အသင်း အဖွဲ့စည်းမျဉ်းတွေက ပိုလျှံတဲ့အမြတ်ငွေပေါ်မှာ ထပ်မံခွဲဝေခံစားခွင့် ပေးထားခဲ့ရင်တော့ ရနိုင်တယ်။
သာမန်အစုရှယ်ယာတွေအနေနဲ့ ပိုသမျှအမြတ်ငွေကို ခံစားနိုင်ခွင့်ရှိပေးမယ့် ရှေ့ပိုင်းမှာ အမြတ်ကုန် သွားရင် သာမန်အစုရှယ်ယာတွေအတွက် အမြတ်ဝေစုကျန်မှာ မဟုတ်တော့ပါ။
နှစ်တစ်နှစ်အတွင်း ဦးစားပေးအစုရှယ်ယာတွေအတွက် အမြတ်မရှိလို့ ခွဲဝေမပေးနိုင်ပေမယ့် အဲဒီ အမြတ်ငွေကို နောက်နှစ်မှာ နောက်အမြတ်ထဲက ခံစားနိုင်ခွင့်(အမြတ်စုဆောင်းနိုင်ခွင့်) ပေးထားတာလည်း ရှိတတ်တယ်။ ကုမ္ပဏီကို စာရင်းဖျက်သိမ်းတဲ့အခါမှာ ဦးစားပေးအခွင့်အရေးမရှိပါ။ ပိုလျှံတဲ့ မတည်ငွေရင်းမှာ ပါဝင်ခံစားခွင့်မရှိဆိုတဲ့ ကိစ္စကတော့ သင်းဖွဲ့စည်းမျဉ်းတွေနဲ့ အစုရှယ်ယာထုတ်ပေးစဉ်က စည်းကမ်းချက်တွေ အပေါ်တည်တာပါပဲ။
မေး ။   ။         နောက်ချန်အစုရှယ်ယာ ဆိုတာကကော။
ဖြေ ။    ။         ကမကထ ပြုသူတွေရဲက အစုရှယ်ယာဒါမှမဟုတ် စီမံခန့်ခွဲသူရဲ့ အစုရှယ်ယာကို ခေါ်တာပါပဲ။ ကုမ္ပဏီဖြစ်မြောက်အောင် တည်ထောင်ဖွဲ့စည်းကြတဲ့ လုပ်အားအတွက် တည်ထောင်သူတွေကို ခွဲဝေချထား ပေးတာရှိတယ်။
အပြည့်အ၀ပေးသွင်းပြီး အစုရှယ်ယာအဖြစ် ဒါမှမဟုတ် တစ်စိတ်တစ်ဒေသပေးသွင်းပြီး အစုရှယ်ယာ အဖြစ်လည်း တရားဝင်ခွဲပေးခွင့်ရှိတယ်။ ဒီလိုခွဲပေးဖို့အတွက် စာချုပ်စာတမ်းတွေကို ကုမ္ပဏီများမှတ်ပုံတင် အရာရှိထံမှာ တင်ပြရတဲ့အပြင် လုပ်ငန်းလမ်းညွှန်း ဒါမှမဟုတ် လုပ်နင်းလမ်းညွှန်းအစား ဖော်ပြချက်စာတမ်း တွေမှာလည်း ဖော်ပြရတယ်။ အခြားအတန်းအစားဖြစ်တဲ့ အစုရှယ်ယာတွေအနေနဲ့ကျန်တဲ့ အမြတ်ငွေကိုခွဲဝေ ခံစားလေ့ရှိတယ်။ အမြတ်အစွန်း များများစားစားရရှိတဲ့နှစ်မှာ နောက်ချန်အစုရှယ်ယ်ာတွေ အမြတ်များများရပါ တယ်။ ဒါဟာလည်း သင်းဖွဲ့မှတ်တမ်းမှာပါတဲ့ စည်းကမ်းတွေအတိုင်းပါပဲ။
မေး ။   ။         ပြန်လည်ရွေးယူနိုင်တဲ့ ဦးစားပေးအစုရှယ်ယာအကြောင်းလည်း ဆက်လက်ရှင်းပြပေးစေလို ပါတယ်။
ဖြေ ။    ။         သာမန်အားဖြင့် အစုရှယ်ယာတွေအတွက် ပြန်လည်ရွေးပြီး ငွေထုပ်ပေးရိုးထုံးစံမရှိပါ။ ဒါပေ မယ့်ပြန်လည်ပြီး ရွေးယူနိုင်တဲ့ ဦးစားပေးအစုရှယ်ယာတွေကို သင်းဖွဲ့စည်းမျဉ်းက သတ်မှတ်ပေးထားရင် ကုမ္ပဏီက ဆောင်ရွက်ပေးတယ်။
အဲဒီအစုရှယ်ယာတွေကို ပြန်လည်ရွေးယူတဲ့နေရာမှာ ကုမ္ပဏီရဲ့ အမြတ်ငွေထဲကဖြစ်ဖြစ်၊ အစုရှယ်ယာ အသစ်ထုတ်ဝေလို့ ရရှိတဲ့ အမြတ်ငွေထဲကပဲဖြစ်ဖြစ်၊ ကုမ္ပဏီရဲ့ ပစ္စည်းတစ်စုံတစ်ရာကို ရောင်းချပြီးရရှိတဲ့ ငွေထဲကပဲဖြစ်ဖြစ် တစ်နည်းနည်းနဲ့ ရွေးယူရမှာဖြစ်တဲ့အကြောင်းနဲ့ ဒီလိုရွေးယူတဲ့ အစုရှယ်ယာတွေက အပြည့် အ၀ပေးသွင်းပြီးဖြစ်တဲ့ အစုရှယ်ယာငွေဖြစ်ရမယ်လို့ ဖော်ပြထားတယ်။
ပြန်လည်ရွေးယူတဲ့အတွက် မတည်ငွေရင်း လျော့ပါးမသွားစေဖို့ ‘မတည်ငွေရင်း ပြန်ရွေးယူဖို့ သီးသန့် ရန်ပုံငွေ’ တစ်ရပ်ကို အမြတ်ငွေထဲက ထူထောင်ဖို့လည်းပြဋ္ဌာန်းထားတယ်။
မေး ။   ။         အစုရှယ်ယာတွေကို လွှဲပြောင်းလို့ရပါသလား။
ဖြေ ။    ။         အစုရှယ်ယာဆိုတာ ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းဖြစ်ပါတယ်။ သင်းဖွဲ့စည်းမျဉ်းပါပြဋ္ဌာန်းထားတဲ့ နည်းလမ်းတွေအတိုင်း လွှဲပြောင်းနိုင်ခွင့်ရှိပါတယ်။ အစုရှယ်ယာတွေကို တစ်ခုချင်းကွဲပြားစေဖို့ အမှတ်စဉ်နံပါတ် တွေပေးထားရတယ်။ ကုမ္ပဏီတွေကို တစ်ခုချင်းကွဲပြားစေဖို့ အမှတ်စဉ်နံပါတ်တွေပေးထားရတယ်။ ကုမ္ပဏီတံ ဆိပ်ခပ်နှိပ်ထားပြီး ထုတ်ပေးတဲ့ အစုရှယ်ယာ သက်သေခံလက်မှတ်ဟာ ရှယ်ယာပိုင်ဆိုင်မှုအတွက်ခိုင်လုံတဲ့ အထောက်အထားပါပဲ။
အစုရှယ်ယာပိုင်သူအနေနဲ့ မိမိပိုင်အစုရှယ်ယာကို လွှဲပြောင်းပေးမယ်ဆိုရင် စာချုပ် ချုပ်ဆိုရပါတယ်။ တံဆိပ်ခေါင်း ကပ်ရပါမယ်။
ကုမ္ပဏီရဲ့ သင်းဖွဲ့မှတ်တမ်းမှာ လွှဲပြောင်းတာနဲ့ပတ်သက်ပြီး စည်းကမ်းချက်ဖော်ပြထားတာကို ကြည့်ရပါတယ်။ စည်းကမ်းချက်မှာ အစုရှယ်ယာလွှဲပြောင်းတာကို ငြင်းပိုင်နိုင်တဲ့ စည်းကမ်းချက်တွေ ပါမပါ ကြည့်ရပါမယ်။ စည်းကမ်းချက်မှာ လွှဲပြောင်းခွင့်ကို လုံးဝပိတ်ပင်တားဆီးတာမျိုးတော့ မပြုလုပ်နိုင်ပါ။ ဒါက ဥပဒေကပေးတဲ့ အခွင့်အရေးပါ။ ဒါကြောင့် လွှဲပြောင်းသူဟာ လွှဲပြောင်းစာချုပ်နဲ့အတူ စည်းကမ်းချက်အတိုင်း အကြောင်းကြားးရတယ်။
အစုရှယ်ယာ ဒီဘင်ချာလွှဲပြောင်းတာနဲ့ပတ်သက်ပြီး ဒါရိုက်တာအဖွဲ့ဆုံးဖြတ်ချက် အကြောင်းကြား ခြင်း၊ မှတ်ပုံတင်ခြင်း၊ အဖွဲ့ဝင်မှတ်ပုံတင်စာအုပ်မှာ ရေးသွင်းခြင်း၊ အစုရှယ်ယာလက်မှတ် ရေးသွင်းခြင်းစတဲ့ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ရတယ်။
မြန်မာကုမ္ပဏီတစ်ခုဟာ မိမိရဲ့ အစုရှယ်ယာကို နိုင်ငံခြားသားတစ်ဦးကို လွှဲပြောင်းပေးမယ်ဆိုရင် ကုမ္ပဏီမှတ်ပုံတင်အရာရှိထံကို ၂၁ ရက်အတွင်း အကြောင်းကြားရတယ်။
နိုင်ငံခြားကုမ္ပဏီရဲ့ အစုရှယ်ယာအားလုံးဟာ မြန်မာတိုင်းရင်းသားပိုင်ဖြစ်သွားရင်လည်း အလားတူ အကြောင်းကြားရမှာဖြစ်တယ်။
မေး ။   ။         အစုရှယ်ယာဆက်ခံခြင်းအကြောင်း သိချင်ပါတယ်။
ဖြေ ။    ။         အစုရှယ်ယာဆက်ခံခြင်းကိစ္စလည်း ကုမ္ပဏီရဲ့အသင်းအဖွဲ့စည်းမျဉ်းမှာ ဖော်ပြထားဖို့လိုအပ် ပါတယ်။ ဆက်ခံခြင်းဟာ လွှဲပြောင်းခြင်းနဲ့မတူတာကတော့ လွှဲပြောင်းခြင်းဟာ မသေဆုံးမီလွှဲပြောင်းပေးခြင်း ကိစ္စဖြစ်ပြီး ဆက်ခံခြင်းကတော့ သေဆုံးပြီးနောက်ကိစ္စဖြစ်တယ်။ အစုရှယ်ယာပိုင်သူတစ်ဦး သေဆုံးရင်၊ လူမွဲ ခံယူသွားရင်၊ တရားဥပဒေရဲ့ အစီအမံအရ ဆက်ခံပိုင်ခွင့်ရှိလာသူကို ကုမ္ပဏီက အသိအမှတ်ပြုရမှာဖြစ်တယ်။

ဆရာ ဦးကျော်ဇေယျ ရေးသားသော စီးပွားရေးလုပ်ငန်းရှင်လက်စွဲစာအုပ်မှ ကောက်နုတ်ဖော်ပြထားပါသည်။

No comments:

Post a Comment

ဝင်ရောက်ဆွေးနွေးနိုင်ကြပါတယ်